Share
Sunday, August 25, 2013

မြန်မာနိုင်ငံမှ ခိုးသွင်းလာခဲ့ဖွယ် ရှိသော ဆင် ၁၄ ကောင်ကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

                မြန်မာနိုင်ငံ အတွင်းမှ ခိုးသွင်းလာခဲ့ ဖွယ်ရှိသော ဆင် ၁၄ ကောင်ကို အထောက်အထား
လက်မှတ် အတုများဖြင့် ၀ယ်ယူထားသည့် ပိုင်ရှင်များထံမှ ထိုင်းရဲတပ်ဖွဲ့များက သြဂုတ် ၂၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

                   တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော အဆိုပါ ဆင် ၁၄ ကောင်ကို နိုင်ငံတောင်ပိုင်း
 ပြည်နယ်များ ဖြစ်သည့် ဖန်ငါး၊ ဖူးခတ်နှင့် ကရာဘီတို့တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သဘာဝ ရင်းမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းနှိမ်နင်းရေး အကြီးအကဲ ရဲမှူးကြီး နိုရာဆတ်ဟမ်နီသီက ပြောကြားသည်။

                 မှတ်ပုံတင်ထားသော နေရာနှင့် ကွဲလွဲနေသည့် ဆင်များကို စတင်တွေ့ရှိရာမှ
ရဲတပ်ဖွဲ့ဝင်များနှင့် သားရိုင်းတိရစ္ဆာန် ဆိုင်ရာ အရာရှိ ၁၀၀ နီးပါးက ရှာဖွေစစ်ဆေးမှုများကို
ပြုလုပ်ရာမှ ယခုဆင်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

             ''အခုဖမ်းမိတဲ့ ဆင်တွေဟာ မြန်မာနိုင်ငံ အဲဒီအနီး ၀န်းကျင်မှာရှိတဲ့ တောထဲကနေ
 ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်'' ဟု
 သားရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု စောင့်ကြည့်ရေးကွန်ရက် TRAFFIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

                       အဆိုပါ ဆင်များကို ထိုင်းနိုင်ငံအတွင်း လေ့ကျင့်ပေးပြီး ဆင်စခန်းများသို့ပို့ကာ
 ရက်အပြောင်းအလဲ ပြုလုပ်ပြီး မှတ်ပုံတင် လိမ်လည်ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ကြေညာ
ချက်တွင် ဖော်ပြထားသည်။

                        ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် သစ်တောပြုန်းတီး မှုများကြောင့်
တောများအတွင်း ဆင်ကောင်ရေ ၂၀၀၀ မှ ၃၀၀၀ အထိသာ ကျန်ရှိတော့ကြောင်း သိရသည်။

                      ဆက်လက် စုံစမ်းမှုများအရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချိုင်ရာဖွန် ပြည်နယ်ရှိ
နေအိမ်နှစ်အိမ်မှ ဆင်နှင့်သက်ဆိုင်သည့် အထောက်အထား မှတ်ပုံတင်အတု ၆၉ စောင်ကိုလည်း
 တွေ့ရှိခဲ့သောကြောင့် အဆိုပါ အိမ်ရှင်အမျိုးသားများကို ဖမ်းဆီးနိုင်ရန် ရှာဖွေလျက်ရှိကြောင်း
 သိရသည်။

                    မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စလုံးသည် ဆင်များ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုကို
တားမြစ်သည့် နိုင်ငံတကာ သဘောတူ စာချုပ်များတွင် လက်မှတ်ရေးထိုး ထားကြသည်။ ထိုင်းဥပဒေတွင်လည်း တောရိုင်းဆင်များအား ဖမ်းဆီးခြင်းကို တားမြစ်ထားသည်။ မှတ်ပုံတင်
 မထားသော ဆင်များကို အခြားခရိုင်များတွင် လာမည့်လများအတွင်း ထပ်မံဖမ်းမိဖွယ် ရှိကြောင်း TRAFFIC အဖွဲ့က ပြောကြားသည်။

Ref:AP
Eleven Media Group  ၀က်ဘ်ဆိုဒ်စာမျက်နှာမှ ကူးယူမှတ်သားထားခြင်းဖ်ြစ်ပါသည်။

0 comments:

Post a Comment

 
;