Share
Tuesday, August 20, 2013

ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုအတွက် စစ်ဆေးခံထားရသော စက်ရုံ ၂၀၀၀ ခန့် အောက်တိုဘာ ၁ ရက် နောက်ဆုံးအကြောင်းပြန်ရမည်

                         ရေဆိုးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် စစ်ဆေးခြင်း
ခံထားရသော စက်ရုံ ၂၀၀၀ ခန့်သည် ယင်းကိစ္စနှင့်ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသော
ကြောင့် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား အကြောင်းပြန်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်
စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
                          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၄ ဇုန်တွင် ရေဆိုးနှင့် သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုများအတွက် ၀င်ရောက်စစ်ဆေးခဲ့ရာ၌ စက်ရုံပေါင်း ၃၆၅၀ အနက်
စက်ရုံ ၂၀၀၀နီးပါးခန့်သည် အကြောင်းပြန်ကြားမှုမရှိခဲ့ကြောင်း၊ စက်ရုံမှ တိုက်ရိုက်စွန့်ပစ်သော
ရေဆိုးများကြောင့် မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တ၀ါများအတွက် မျိုးသုဉ်းအန္တရာယ် ကြုံတွေ့
နိုင်သည့်အပြင် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုအတွက်ပါ ကျန်းမာရေးအရ ထိခိုက်နိုင်ဖွယ် ရှိကြောင်း
သိရသည်။

                       " စက်ရုံတွေမှာ မြေ၊ရေ၊လေ၊ ညစ်ညမ်းမှုရှိ ၊  မရှိ စစ်ဆေးခဲ့ပါတယ်။ အကြောင်း
ပြန်ကြားတဲ့စက်ရုံတွေနည်းပြီး အကြောင်းမပြန်တဲ့စက်ရုံတွေ ရှိနေတာကြောင့် ဒီလို ဆောင်ရွက်ရ
တာပါ။ ပျက်ကွက်တဲ့ စက်ရုံတွေကို အရေးယူမှုတွေ ပြုလုပ်မှာပါ " ဟု ၄င်းက ဆက်လက်ပြော
ကြားခဲ့သည်။
                        ရေကို အဓိကအသုံးပြုလုပ်ဆောင်သော စက်ရုံအမျိုးအစား ၁၀ မျိုးခန့်ရှိပြီး
အရက်ချက်စက်ရုံ၊ ဓာတုစက်ရုံ၊ သစ်ပါးလွှာစက်ရုံ၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း ၊ ငါးအသားလွှာ
စက်ရုံစသည့် စက်ရုံများ ပါဝင်ကြောင်း၊ အကြောင်းပြန်ကြားခြင်းမရှိသော စက်ရုံများကို အရေး
ယူသည့်အနေဖြင့် ယာယီသုံးလပိတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ
နိုင်ငံအတွင်း နှစ်စဉ်မြစ်ချောင်းများအတွင်း နှစ်စဉ် ရေချိုငါးများမျိုးသုဉ်းမှုသည် ၃၀ ရာခိုင်နှုန်း
အထိ တဖြည်းဖြည်းမြင့်တက်လာနေရာ အဓိကအားဖြင့် စက်ရုံမှ စွန့်ပစ်သော ညစ်ညမ်းရေ
များကြောင့်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
;