Share
Sunday, August 25, 2013

ကမ္ဘာကြီး ပူနွေးမှုနောက်ကယ်တွင် လူသားတို့၏ လုပ်ဆောင်ချက်များ အဓိကပါဝင်နေဟု ကုလအစီရင်ခံစာထုတ်ဖော်

                         ၁၉၅၀ ပြည့်နှစ်မှ စတင်ဖြစ်ပေါ်လာခဲ့သော ကမ္ဘာကြီး ပူနွေးရခြင်း၏
နောက်ကယ်တွင် လူသားတို့ ပြုမူဆောင်ရွက်ချက်များ အဓိကရှိနေသည်ဟူသော အချက်ကို
သိပ္ပံပညာရှင်များက ယခင်ကထက် လက်ခံယုံကြည်လာကြသည်ဟု ကုလသမဂ္ဂအစီရင်ခံစာ
တစ်ရပ်ကို ကိုးကား၍ CNN  သတင်းဌာနက ရေးသားဖော်ပြသည်။
                       ပင်လယ်ရေမျက်နှာပြင်များမြင့်တက်ခြင်း၊ ရေခဲတောင်များ အရည်ပျော်ကျ
ခြင်းအစရှိသည်တို့ကို ဖြစ်ထွန်းစေခဲ့သည့် ကမ္ဘာကြီး ပူနွေးမှုနှစ်ပေါင်းငါးဆယ်ကျော်ကာလ
အတွင်း တဖြည်းဖြည်းချင်း မြင့်တက်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ ဤကမ္ဘာကို မှ်ီတင်း
နေထိုင်ကြသော လူသားများ၏ အပြုအမူတို့ကြောင့်သာ ဖြစ်သည်ဟူသော အချက်ကို သိပ္ပံ
ပညာရှင်များက အခိုင်အမာ ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာ မူကြမ်းတွင်
ဖော်ပြထားသည်။
                       အဆိုပါမူကြမ်းကို ကုလသမဂ္ဂက ထုတ်ပြန်မှုမပြုမီ သတင်းပေါက်ကြားခဲ့ခြင်း
ဖြစ်ပြီး လာမည့်ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ယင်းအစီရင်ခံစာကို
တင်သွင်းရန် စီစဉ်ထားသည်။
                      ၁၉၅၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ကာလများ၌ ဖြစ်ထွန်းခဲ့သော ကမ္ဘာကြီး
၏ အပူချိန်မြင့်တက်လာမှုတွင် လူသားတို့၏ လုပ်ဆောင်ချက်များသည် ၅၀ ရာခိုင်နှုံးကျော်ခန့်
အထိ လွှမ်းမိုးထားသည်ဟူသော အချက်မှာ များစွာဖြစ်နိုင်ခြေရှိသည်ဟု ယင်းအစီရင်ခံစာမူကြမ်း
တွင်သုံးသပ်ရေးသားထားသည်။
                      ထိုသို့လူသားတို့၏ လုပ်ကိုင်ဆောင်ရွက်ချက်များက ၂၀ ရာစု ဒုတိယနှစ်ဝက်
ပင်လယ်သမုဒ္ဒရာများကို ပူနွေးခြင်း၊ နှင်းနှင့် ရေခဲတောင်များ ပျော်ကျခြင်း၊ ပင်လယ်ရေမျက်နှာ
ပြင်မြင့်တက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟူသော အချက်အပေါ်
သိပ္ပံပညာရှင်များက အခိုင်အမာယုံကြည်ထားကြသည်ဟု ယင်းအစီရင်ခံစာက ဖော်ပြသည်။
                      ၂၀၀၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂအစီရင်ခံစာတွင် ကမ္ဘာကြီး ပူနွေး
ရခြင်း၌ လူသားတို့၏ လုပ်ဆောင်ချက်က ၉၀ ရာခိုင်နှုံး အသေအချာပါဝင်နေသည်ဟု ဖော်ပြခဲ့
ပြီး ယခုနှစ်အစီရင်ခံစာတွင်မူ ၉၅ ရာခိုင်နှုံးအဖြစ် တိုးမြှင့်သတ်မှတ်ထားခြင်းဖြစ်သည်။
                      " အခြားမသေချာ မရေရာမှုတွေ ရှိနေတယ်ဆိုတာကို နားလည်သဘော
ပေါက်ထားပါတယ်။ ဒါပေမယ့် ကမ္ဘာကြီး ပူနွေးတဲ့ကိစ္စမှာ လူသားတွေဟာ အဓိကကျတဲ့
အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပဲ သဘောတူလက်ခံထားကြ
ပါတယ် "  ၂၀၀၇ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာအတွက် ပါဝင်ရေးသားလုပ်ကိုင်ပေးခဲ့
သူ  သုတေသီ မာရှယ်ရှီးဖတ်က ပြောကြားသည်။
                      ၁၉၅၀ ပြည့်နှစ်မှစ၍  ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှုနှင့် အခြားဓာတ်ငွေ့
ထုတ်လွှင့်မှုတို့ကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ်( ၁ ဒီဂရီ
ဖာရင်ဟိုက်) ခန့် မြင့်တက်လာသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

0 comments:

Post a Comment

 
;