Share
Saturday, September 7, 2013

မြန်မာနိုင်ငံ ကာဗွန်လျှော့ချရေး တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းမည်

                          မြန်မာနိုင်ငံတွင် ကာဗွန်ဓာတ်ငွေ့လျှော့ချရေး စီမံချက်များ ( Clean
Development Mechanism ) အကောင်အထည်ဖော်ဆောင်ရန်အတွက် တရုတ်
ကုမ္ပဏီနှင့် မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ
 တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
                        မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအခြေစိုက် Sunshine Kaidi New Energy Group တို့က
အဆိုပါ CDM စီမံချက်များ အကောင်အထည်ဖော်ရန်အတွက် စက်တင်ဘာလ ၂
ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
                         အဆိုပါ သဘောတူညီချက်အရ CDM စီမံကိန်းများ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရုတ်ကုမ္ပဏီမှ နည်းပညာ အထောက်အပံ့များပေးအပ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
                        CDM စီမံချက်ဆိုသည်မှာ စီမံကိန်းတစ်ရပ်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ရေးနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ရေးကို အဓိကထား ဆောင်ရွက်သည့်
မည်သည့် စီမံကိန်း၊ စီမံချက်ကိုမဆို CDM စီမံကိန်းဟု သတ်မှတ်နိုင်ကြောင်း ၄င်းက
ရှင်းပြသည်။
                         " အခု မြန်မာနိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်အစားထိုးပြီး CNG ဂက်စ်
အသုံးပြုကားတွေ အစားထိုးအသုံးပြုတဲ့ စီမံချက်ကို CDM  စီမံချက်လို့ ခေါ်လို့ရတယ် "
ဟု ၄င်းက ဆိုသည်။
                         အဆိုပါ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ လျှော့ချပေးသည့်
 စီမံကိန်းများ မြန်မာနိုင်ငံတွင် အကောင်အထည်ဆောင်ရွက်ခြင်းဖြင့် ကာဗွန်ဓာတ်ငွေ့
အများဆုံး ထုတ်လုပ်သည့် နိုင်ငံများကို ကာဗွန်အရောင်းအ၀ယ်များ ပြုလုပ်နိုင်ကြောင်း၊
ယင်းမှ ရရှိသော ၀င်ငွေများဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တွင်ကျယ်စွာ ဆောင်ရွက်သွားနိုင်ကြောင်း ၄င်းက ဆိုသည်။
                           ကာဗွန်အရောင်းအ၀ယ်ဆိုသည်မှာ CDM စီမံချက်များမှတဆင့် ကာဗွန်ထုတ်လုပ်မှုကို လျော့နည်းစေသောကြောင့် လျော့ကျသွားသည့် ပမာဏကို
ကာဗွန်အများဆုံး ထုတ်လုပ်သည့်  ဖွံ့ဖြိုးပြီး နိုင်ငံသို့ ငွေကြေးဖြင့် ရောင်းချခြင်း ဖြစ်သည်။


0 comments:

Post a Comment

 
;