Share
Sunday, October 6, 2013 0 comments
Weekly Eleven Media မွ မွတ္စုထုတ္ထားပါသည္။ 
Saturday, October 5, 2013 0 comments

တပ်မတော်သားနှင့် တပ်မတော်ယာဉ်အဖြစ် အယောင်ဆောင်ကာ ကျပ်သိန်း ၂၅၀ တန် သစ်ခွဲသားများ သယ်လာသော ယာဉ်ဖမ်းမိ




              တပ်မတော်သားနှင့် တပ်မတော်ယာဉ်အဖြစ် အယောင်ဆောင်ကာ
 ကျပ်သိန်း ၂၅၀ တန်ခန့် တန်သည့် ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာ
စဉ် ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။
              မှော်ဘီမြို့နယ်၊ ပြည်လမ်းတွင် မှော်ဘီမှ ထောက်ကြံ့သို့ 
မောင်းလာသည့် တပ်မတော် စစ်သုံးယာဉ် ဟီးနိုး၊တီအီးအမျိုးအစားအား
 မိုင်တိုင်အမှတ် ၂၈/၇ တွင် စက်တင်ဘာ ၂၆ ရက် ည ၇ နာရီအချိန်၌ 
သစ်တောဦးစီးဌာနက စစ်ဆေးရာ တန်ဖိုးကျပ်ငွေ ၂၄၇ သိန်းတန်သည့်
 တရားမဝင် ကျွန်းခွဲသား ငါးတန်ခွဲကို ဖမ်းဆီးရမိခဲ့ကြောင်း 
သတင်းရရှိသည်။
                  အဆိုပါ ယာဉ်ကို စစ်ဆေးရာတွင် ကြယ်တံဆိပ်တပ်ကာ
 စစ်အစိမ်းရောင် ဆေးသုတ်ထားပြီး စစ်သုံးယာဉ် ဟီးနိုးပုံစံပြုလုပ်ထား
သော ကားမှာ အရပ်ဘက်ကားသာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်း
မြို့နယ်၊ဥသျှစ်ပင်ကျေးရွာမှ အမျိုးသားတစ်ဦး ပိုင်ဆိုင်ခြင်းဖြစ်သည်။ 
ထို့ပြင် ယာဉ်မောင်းတပ်ကြပ်နှင့် ယာဉ်နောက်လိုက်တပ်ကြပ်ဆိုသူတို့
မှာလည်း အရပ်သားများဖြစ်နေကြပြီး ယာဉ်ပိုင်ရှင်မှ ရန်ကုန်သို့ 
သစ်ကားတစ်ခေါက် သယ်ခကျပ်တစ်သိန်းဖြင့် လုပ်ဆောင်ပေးနေ
ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း၌ 
ဖော်ပြထားသည်။
                 ထို့ကြောင့် အဆိုပါကားမှာ စစ်ကားအယောင်ဆောင်ပြီး 
သစ်ပိုင်ရှင်တစ်ဦး၏ ကျွန်းသစ်များကို သယ်ဆောင်ပေးနေခြင်း ဖြစ်သည်။ 
အဆိုပါ သစ်ခိုးသယ်သော အလုပ်ကို ဦးဆောင်သူသည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ညောင်ခြေထောက်ကျေးရွာ ၊ကပစ ၆ တပ်မှ တပ်ခွဲ
တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။
                      “တရားခံသုံးယောက်လုံးကိုတော့ စခန်းမှာပဲ 
ချုပ်ထားပါတယ်။ သူတို့ကို သစ်တောဥပဒေနဲ့ပဲ အမှုဖွင့်ထားပါတယ်။ 
အယောင်ဆောင်ဥပဒေနဲ့တော့ အရေးယူတာ မရှိပါဘူး။ သစ်တောက
 ဒီလိုမျိုး ဖမ်းမိရင် သစ်တောဥပဒေနဲ့ပဲ ဖမ်းတာပါ။ တပ်ကြပ်ကြီးကို 
သူ့တပ်ကို လွှဲမပေးရသေးပါဘူး” ဟု မှော်ဘီမြို့မ ရဲစခန်းမှ စက်တင်ဘာ
 ၂၉ ရက် ည ၇ နာရီတွင် တာဝန်ကျသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
                    အဆိုပါ တပ်ကြပ်ကြီး၊အယောင်ဆောင် 
အရပ်သားနှစ်ဦး၊ ယာဉ်ပိုင်ရှင်နှင့် ကျွန်းသစ်ပိုင်ရှင်တို့ ငါးဦးစလုံးကို 
သစ်တောဥပဒေပုဒ်မ- ၄၃(က)ဖြင့် မှော်ဘီမြို့မ ရဲစခန်းမှ စက်တင်ဘာ
 ၂၈ ရက် ည ၉ နာရီတွင် အမှုဖွင့်ထားသည်။
                      ယာဉ်မောင်းတပ်ကြပ်အဖြစ် အယောင်ဆောင်သော 
အရပ်သားတစ်ဦးသည် ကပစ ၆ တပ်မှ တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်ပြီး
 ယာဉ်နောက်လိုက်တပ်ကြပ်အဖြစ် အယောင်ဆောင်သူသည် ကပစ ၆ တပ်မှ
 အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးအမည်ကိုပါ 
ပြောင်းထားကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ယာဉ်ပိုင်ရှင်နှင့်
 ကျွန်းသစ်ပိုင်ရှင်တို့ကို ဖမ်းဆီးရမိထားခြင်း မရှိသေးဘဲ တပ်ခွဲတပ်ကြပ်ကြီး
အား စစ်ဆေးပြီးပါက သက်ဆိုင်ရာ တပ်ရင်းသို့ လွှဲပြောင်းပေးရန်
 စီစဉ်ထားကြောင်း သတင်းရရှိသည်။
၇ ရက်သတင်းဂျာနယ် Vol.12  No.30  မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။
0 comments

ကျောက်ဖြူတွင် ထင်းနှင့် မီးသွေးအရောင်းဆိုင်အချို့ ပိတ်သိမ်းရ




                         စက်တင်ဘာ ၁၅ ရက်မှစ၍ သဘာဝဓာတ်ငွေ့သုံး 
အင်ဂျင်စက်များဖြင့် လျှပ်စစ်ဓာတ်အားများကို တစ်ယူနစ်လျှင် ၃၅ ကျပ်
နှုန်းဖြင့် ဖြန့်ဝေပေးနေသည့်အတွက် လျှပ်စစ်မီးအသုံးပြုမှုများလာခြင်း
ကြောင့် ကျောက်ဖြူမြို့တွင် ထင်းနှင့် မီးသွေးများ ရောင်းအားကျနေ
ကြောင်း သတင်းရရှိသည်။
                      ယခင်လျှပ်စစ်ဓာတ်အားခများ ဈေးကြီးသည့်
အချိန်က ထင်းနှင့် မီးသွေးကို အဓိကလောင်စာအဖြစ် အသုံးပြုခဲ့သော်
လည်း ယခု လျှပ်စစ်ဓာတ်အားခမှာ ဈေးပေါပေါနှင့် ရရှိနေသည့်အတွက်
 လောင်စာလိုအပ်ချက်ကို လျှပ်စစ်မီးများဖြင့်သာ အစားထိုးလာကြသည်။
                     “လျှပ်စစ်မီတာခတွေ ဈေးတက်နေတုံးက 
ထင်းရော၊မီးသွေးရော ရောင်းအားကောင်းခဲ့ပါတယ်။ အခု လူတော်တော်
များများက မီးတစ်ယူနစ်ကို ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲနိုင်ပြီဖြစ်တဲ့အတွက် 
ထမင်းဟင်းချက်တာတောင် အကုန်လုံး လျှပ်စစ်ကိုပဲ အသုံးပြုလာကြ
ပါတယ်။ အဲ့ဒီအတွက် ထင်းနဲ့မီးသွေးဈေးက ပြုတ်ကျသွားပြီး အရောင်း
အဝယ်လည်း မရှိသလောက် နည်းသွားတာဖြစ်ပါတယ်”ဟု ထင်းနှင့် 
မီးသွေး ရောင်းချသူတစ်ဦးက ပြောကြားသည်။ ယင်းသို့ ထင်းနှင့် 
မီးသွေးလောင်စာအစား လျှပ်စစ်ဓာတ်အားကို အားထားသုံးစွဲလာ
ကြသည့်အတွက် အချို့ထင်းနှင့် မီးသွေးအရောင်းဆိုင်များတွင်
 ပိတ်သိမ်းမှုများ ရှိသည်ဟု သိရသည်။
 ၇ ရက်သတင်းဂျာနယ် Vol.12  No.30  မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments

Greenpeace ကိစ္စရပ်နှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံအပေါ် တရား ဥပဒေအရ အရေးယူဆောင်ရွက်မှု နယ်သာလန်လုပ်ဆောင်




                          အာတိတ်ဒေသတွင် Grazprom ရုရှားရေနံကုမ္ပဏီ ရေနံ
တူးဖော်မှုအပေါ် စက်တင်ဘာ ၁၉ ရက်က Greenpeace သဘာဝပတ်ဝန်းကျင်
ဆိုင်ရာအဖွဲ့က ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် နယ်သာလန်နိုင်ငံမှ သင်္ဘောတစ်စင်း
နှင့် သင်္ဘောအမှုထမ်းများအား ရုရှားနိုင်ငံက ဖမ်းဆီးခြင်းသည် တရားမဝင်
 ဖမ်းဆီးမှုတစ်ရပ်ဖြစ်ကြောင်း နယ်သာလန်အစိုးရက စွပ်စွဲထားပြီး ရုရှားနိုင်ငံ
အပေါ် ဥပဒေကြောင်းအရ အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း 
ပြောကြားခဲ့သည်ဟု သိရသည်။


                        ဖမ်းဆီးခံထားရသည့် Artic Sunrise သင်္ဘောနှင့် သင်္ဘော
အမှုထမ်းများကို ပြန်လွှတ်ပေးရန် ရုရှားအစိုးရအား တောင်းဆိုထားကြောင်း နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖရီဆိုဝစ်နန်က 
RIA Novosti သတင်းဌာနကို ပြောကြားခဲ့သည်။
                              ယခုအခါ နယ်သာလန်အစိုးရသည် ယင်းကိစ္စရပ်ကို 
ကုလသမဂ္ဂရေကြောင်းသွားလာမှုဆိုင်ရာ ဥပဒေအရ ခုံသမာဓိဖြင့် ဆုံးဖြတ်မှု
တစ်ရပ်ကို စတင်လုပ်ဆောင်လျက်ရှိသည်။
                     ယင်းလုပ်ဆောင်မှုသည် ရက်သတ္တပတ်နှစ်ပတ်အတွင်း 
တိုးတက်မှုမရှိခဲ့ပါက ဟမ်းဘက်မြို့ရှိ ပင်လယ်ရေကြောင်းဥပဒေဆိုင်ရာ
 နိုင်ငံတကာခုံရုံးသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရ
အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
                  အဆိုပါ သင်္ဘောပေါ်တွင် အလွတ်သတင်းထောက်နှစ်ဦး၊
လှုပ်ရှားရေးဝါဒီများနှင့် သင်္ဘောအမှုထမ်းအပါအဝင် စုစုပေါင်း ၃၀ ဦး လိုက်ပါ
လာကြောင်း၊ ၎င်းတို့သည် ရုရှားအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရပြီး
 ယခုရက်သတ္တပတ်အစောပိုင်းက ပင်လယ်ဓားပြမှုဖြင့် စွဲချက်တင်ခြင်း ခံထား
ရကြောင်းနှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြဝတီ သတင်းစာ ၆-၁၀-၂၀၁၃ မှ မှတ်စုထုတ်ထားပါသည်။
0 comments

၇ ရက်သတင်းဂျာနယ် Vol.12  No.30  မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။


0 comments

စွန့်ပစ်ရေဆိုးအား ရေသန့်အဖြစ် ပြုပြင်သန့်စင်မှု ကြည့်ရှုလေ့လာ




                 ဘယ်လ်ဂျီယံနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံနိုင်ငံ 
ဖလန်းဒါးစ်ပြည်နယ်သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်
 စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီက ခေတ္တတည်းခိုရာ အန်းဝါ့သ်မြို့ 
Hilton ဟိုတယ်မှ ဖလန်းဒါးစ်ပြည်နယ် Mechelen ရှိ IVAREM  ကုမ္ပဏီသို့ 
ရောက်ရှိရာ ဖလန်းဒါးစ်ပြည်နယ် ပတ်ဝန်းကျင်ရေးရာ ၊ သဘာဝနှင့် စွမ်းအင်ဌာန
 အတွင်းရေးမှူးချုပ် Mr.Jean-Pierre Heirman က ပြည်နယ်ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ လည်းကောင်း၊ ဖလန်းဒါးစ်ပြည်နယ်
 Public Waste Agency (OVAM) မှ Ms. Anne Vandeputte က 
စွန့်ပစ်ပစ္စည်းများဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍လည်းကောင်း၊
 IVAREM ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ် Ms. Marijke Herinckx က 
ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း
 ရှင်းလင်းပြောကြားကြသည်။
               ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် IVAREM ကုမ္ပဏီထွက်
 ဥယျာဉ်ခြံမြေထွက် စွန့်ပစ်ပစ္စည်းများ အပါအဝင် စွန့်ပစ်ပစ္စည်းအမျိုးမျိုးအား 
စီမံခန့်ခွဲမှု၊နေရောင်ခြည်သုံး ဆိုလာပြားမှ ၁ ဒသမ ၁ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်သည့်
 တာဘိုင်စက်များ လည်ပတ်မှုနှင့် ပတ်သက်၍ လက်တွေ့ဆောင်ရွက်ထားရှိသည့် 
Container Park ၊ Aftercare Landfill နှင့် Composting Plant များသို့ 
လှည့်လည်လေ့လာကြည့်ရှုကြသည်။
              ထို့နောက် ဖလန်းဒါးစ်ပြည်နယ် Mechelen ရှိ AQUAFIN ကုမ္ပဏီသို့ 
ရောက်ရှိရာ AQUAPLUS ကုမ္ပဏီ နိုင်ငံတကာ စီမံကိန်းများဆိုင်ရာ Account 
Manager ဖြစ်သူ Mr. Herman De Schamphelaere နှင့် တာဝန်ရှိသူတို့က 
AQUAFIN ကုမ္ပဏီနှင့် ယင်း၏ ရာနှုန်းပြည့် ပံ့ပိုးမှုခံယူထားသည့် AQUAPLUS 
ကုမ္ပဏီတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြ
သည်။ ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် AQUAPLUS ကုမ္ပဏီ၌ 
ဓာတုနည်း၊ သဘာဝနည်း စသည့် နည်းလမ်းများကို အသုံးပြုလျက် စွန့်ပစ်
ရေဆိုးအား ရေသန့်အဖြစ်သို့ ပြုပြင်သန့်စင်မှုများကို လေ့လာကြည့်ရှုခဲ့သည်။
             ဆက်လက်၍ ဖလန်းဒါးစ်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းများအား စဉ်ဆက်
မပြတ် စီမံပြုပြင်ခန့်ခွဲမှုကို ဆောင်ရွက်သည့် Hooge Maey ကုမ္ပဏီသို့ ရောက်ရှိရာ
 Hooge Maey ကုမ္ပဏီဒါရိုက်တာ Mr. Daniel Dirickx နှင့် တာဝန်ရှိသူတို့က
 စွန့်ပစ်ပစ္စည်းများအား စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍လည်းကောင်း၊
 ယင်းတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုစေသည့် စွမ်းအင်
ထုတ်လုပ်မှုတို့နှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြ
သည်။ ယင်းနောက် Hooge Maey ကုမ္ပဏီမှ စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုနှင့်
 ပတ်သက်၍လည်းကောင်း၊ ယင်းတို့မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်
အကူပြုစေသည့် စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍
လည်းကောင်း လေ့လာကြည့်ရှုခဲ့သည်။

မြဝတီသတင်းစာ ၅-၁၀-၂၀၁၃  မှ မှတ်စုထုတ်ထားပါသည်။



 
;