Share
Saturday, October 5, 2013

တပ်မတော်သားနှင့် တပ်မတော်ယာဉ်အဖြစ် အယောင်ဆောင်ကာ ကျပ်သိန်း ၂၅၀ တန် သစ်ခွဲသားများ သယ်လာသော ယာဉ်ဖမ်းမိ




              တပ်မတော်သားနှင့် တပ်မတော်ယာဉ်အဖြစ် အယောင်ဆောင်ကာ
 ကျပ်သိန်း ၂၅၀ တန်ခန့် တန်သည့် ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာ
စဉ် ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။
              မှော်ဘီမြို့နယ်၊ ပြည်လမ်းတွင် မှော်ဘီမှ ထောက်ကြံ့သို့ 
မောင်းလာသည့် တပ်မတော် စစ်သုံးယာဉ် ဟီးနိုး၊တီအီးအမျိုးအစားအား
 မိုင်တိုင်အမှတ် ၂၈/၇ တွင် စက်တင်ဘာ ၂၆ ရက် ည ၇ နာရီအချိန်၌ 
သစ်တောဦးစီးဌာနက စစ်ဆေးရာ တန်ဖိုးကျပ်ငွေ ၂၄၇ သိန်းတန်သည့်
 တရားမဝင် ကျွန်းခွဲသား ငါးတန်ခွဲကို ဖမ်းဆီးရမိခဲ့ကြောင်း 
သတင်းရရှိသည်။
                  အဆိုပါ ယာဉ်ကို စစ်ဆေးရာတွင် ကြယ်တံဆိပ်တပ်ကာ
 စစ်အစိမ်းရောင် ဆေးသုတ်ထားပြီး စစ်သုံးယာဉ် ဟီးနိုးပုံစံပြုလုပ်ထား
သော ကားမှာ အရပ်ဘက်ကားသာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်း
မြို့နယ်၊ဥသျှစ်ပင်ကျေးရွာမှ အမျိုးသားတစ်ဦး ပိုင်ဆိုင်ခြင်းဖြစ်သည်။ 
ထို့ပြင် ယာဉ်မောင်းတပ်ကြပ်နှင့် ယာဉ်နောက်လိုက်တပ်ကြပ်ဆိုသူတို့
မှာလည်း အရပ်သားများဖြစ်နေကြပြီး ယာဉ်ပိုင်ရှင်မှ ရန်ကုန်သို့ 
သစ်ကားတစ်ခေါက် သယ်ခကျပ်တစ်သိန်းဖြင့် လုပ်ဆောင်ပေးနေ
ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်း၌ 
ဖော်ပြထားသည်။
                 ထို့ကြောင့် အဆိုပါကားမှာ စစ်ကားအယောင်ဆောင်ပြီး 
သစ်ပိုင်ရှင်တစ်ဦး၏ ကျွန်းသစ်များကို သယ်ဆောင်ပေးနေခြင်း ဖြစ်သည်။ 
အဆိုပါ သစ်ခိုးသယ်သော အလုပ်ကို ဦးဆောင်သူသည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ညောင်ခြေထောက်ကျေးရွာ ၊ကပစ ၆ တပ်မှ တပ်ခွဲ
တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။
                      “တရားခံသုံးယောက်လုံးကိုတော့ စခန်းမှာပဲ 
ချုပ်ထားပါတယ်။ သူတို့ကို သစ်တောဥပဒေနဲ့ပဲ အမှုဖွင့်ထားပါတယ်။ 
အယောင်ဆောင်ဥပဒေနဲ့တော့ အရေးယူတာ မရှိပါဘူး။ သစ်တောက
 ဒီလိုမျိုး ဖမ်းမိရင် သစ်တောဥပဒေနဲ့ပဲ ဖမ်းတာပါ။ တပ်ကြပ်ကြီးကို 
သူ့တပ်ကို လွှဲမပေးရသေးပါဘူး” ဟု မှော်ဘီမြို့မ ရဲစခန်းမှ စက်တင်ဘာ
 ၂၉ ရက် ည ၇ နာရီတွင် တာဝန်ကျသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
                    အဆိုပါ တပ်ကြပ်ကြီး၊အယောင်ဆောင် 
အရပ်သားနှစ်ဦး၊ ယာဉ်ပိုင်ရှင်နှင့် ကျွန်းသစ်ပိုင်ရှင်တို့ ငါးဦးစလုံးကို 
သစ်တောဥပဒေပုဒ်မ- ၄၃(က)ဖြင့် မှော်ဘီမြို့မ ရဲစခန်းမှ စက်တင်ဘာ
 ၂၈ ရက် ည ၉ နာရီတွင် အမှုဖွင့်ထားသည်။
                      ယာဉ်မောင်းတပ်ကြပ်အဖြစ် အယောင်ဆောင်သော 
အရပ်သားတစ်ဦးသည် ကပစ ၆ တပ်မှ တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်ပြီး
 ယာဉ်နောက်လိုက်တပ်ကြပ်အဖြစ် အယောင်ဆောင်သူသည် ကပစ ၆ တပ်မှ
 အငြိမ်းစား တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးအမည်ကိုပါ 
ပြောင်းထားကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ယာဉ်ပိုင်ရှင်နှင့်
 ကျွန်းသစ်ပိုင်ရှင်တို့ကို ဖမ်းဆီးရမိထားခြင်း မရှိသေးဘဲ တပ်ခွဲတပ်ကြပ်ကြီး
အား စစ်ဆေးပြီးပါက သက်ဆိုင်ရာ တပ်ရင်းသို့ လွှဲပြောင်းပေးရန်
 စီစဉ်ထားကြောင်း သတင်းရရှိသည်။
၇ ရက်သတင်းဂျာနယ် Vol.12  No.30  မှ မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;