Share
Saturday, October 5, 2013

သဘာဝပတ်ဝန်းကျင် မပျက်စီးစေရန် တောင်ယာခုတ်ခြင်းအား ရှောင်ရှားသင့်




                   ချင်းပြည်နယ်ရှိ သဘာဝအလှနှင့် ပတ်ဝန်းကျင် တောတောင်
 မပျက်စီးစေရေးအတွက် တောင်ယာခုတ်ခြင်းကို ရှောင်ရှားသင့်သည်။ 
တောင်ယာစိုက်ပျိုးလျှင် တောခုတ်၍ မီးရှို့ခြင်း၊ သစ်ထုတ်ခြင်း၊ မီးသွေး
ဖုတ်ခြင်းများ ရှိသည့်အတွက် တောပြုန်း၍ သဘာဝပတ်ဝန်းကျင်အလှအပ
များ ပျက်စီးသည်။ ထို့ကြောင့် သစ်ပင်များ ထပ်မံစိုက်ပျိုးခြင်းကို စီမံချက်ဖြင့်
 စိုက်ပျိုးသင့်သည်။ ချင်းပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ၊ ဘာသာရေး
အသင်းအဖွဲ့များ၊လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများ ပါဝင်ပါက 
အကောင်းဆုံးဖြစ်မည်။
                 မှိုင်းပြာရီမှောင်သည့် ချင်းတောင်တန်းဒေသည် လွမ်းမောဖွယ်
အတိရှိသော ဒေသဖြစ်သည်။ တောတောင်လျှိုမြောင်ချောက်ကမ်းပါးများ 
တည်ရာ ချင်းတောင်တန်းကြီးများသည် အလည်တစ်ခေါက်ရောက်ဖူး
သူတိုင်း သဘာဝအလှအပများကို တမ်းတမိမြဲဖြစ်သည်။ ချင်းပြည်နယ်
သည် ပေ ၃၀၀၀ မှ ၇၀၀၀ အထိ မြင့်မားသော တောင်တန်းများ
ဖြစ်သောကြောင့် ရာသီဥတုမှာ အေးမြသည်။ မိုးများစွာ ရွာသွန်းရာ 
ဒေသဖြစ်သဖြင့် စိုစွတ်ထိုင်းမှိုင်းသည်။ မေလလယ် နောက်ပိုင်းမှ
 နိုဝင်ဘာလအထိ မိုးဥတုဖြစ်၍ လွန်စွာ အေးချမ်းလှသည်။ မိုးသား
တိမ်တိုက်များဖြင့် အုံ့ဆိုင်းမှိုင်းညှို့၍ နေသည်။ မိုးတွင်းတွင်
 မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဆီးနှင်းများ၊မြူများ 
ဖုံးလွှမ်းကာ အစဉ်အေးချမ်းလှသည်။ ဆောင်းဥတုမှာ ဒီဇင်ဘာလမှ 
ဖေဖော်ဝါရီလအထိဖြစ်၍ အချို့ဒေသများ၌ ရေခဲသည်ကို တွေ့ရသည်။


               ထို့ကြောင့် သဘာဝတောတောင်အလှအပများ မပျက်စီးစေရန် 
တောင်ယာခုတ်ခြင်းကို တားဆီးသင့်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူ
များ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လည်း လိုအပ်သည်။ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်းများရှိပြီး ပြုန်းတီးသွားသော သစ်တော
များ အစားထိုး ပြန်လည်စိုက်ပျိုးသင့်သည်။ ကျေးလက်ဒေသတွင် 
နေထိုင်သူများသည် တောင်ယာစိုက်ပျိုးခြင်းကို မိရိုးဖလာ လုပ်ငန်းအဖြစ် 
အဓိကထား လုပ်ကိုင်ကြကြောင်း သိရသည်။

မြဝတီ သတင်းစာ   ၅-၁၀-၂၀၁၃  မှ  မှတ်စုထုတ်ထားခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

 
;