Share
Tuesday, August 27, 2013

စစ်တောင်းမြစ်ရေ ရေလွှမ်းမိုးခြင်းနှင့် ခ၀ါချောင်းရေ ရေတိုက်စားမှုကြောင့် ခ၀ါချောင်းရွာ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် အခြေအနေ ဖြစ်ပေါ်နေ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာအုပ်စု စစ်တောင်းမြစ်နှင့် ခ၀ါချောင်းဆုံရာတွင် တည်ရှိနေသော ခ၀ါချောင်းကျေးရွာသည် စစ်တောင်းမြစ်မှ ဒီရေတက်မှုနှင့် တောင်ကျချောင်းဖြစ်သော ခ၀ါချောင်းမှ ရေတိုးရေတိုက်စားမှုများကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေအိမ် ၅၀ ခန့် ကမ်းနှင့်ဝေးရာ ရွှေ့ပြောင်းခဲ့ရသည်။

"ဘုန်းကြီးတို့ ကျောင်းတိုက်က ချောင်းဦးနဲ့ တည့်နေတော့ ရေတိုးတာ တိုက်ရိုက်ခံရတယ်။ အဲဒီလို ရေတိုက်စားနေတဲ့ အတွက်ကြောင့် နှစ်နှစ်အတွင်း သာသနိက အဆောက်အအုံ လေးလုံးဖျက်သိမ်းပြီးတော့ နေရာပြောင်းဆောက် ခဲ့ရတယ်။ အခုသိမ်နဲ့ ဆွမ်းစားဆောင်ကို ရေထဲမပါအောင် အခုဖျက်သိမ်း နေကြရပါတယ်" ဟု ခ၀ါချောင်းကျေးရွာ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးက၀ိန္ဒက မိန့်တော်မူသည်။
        
"ဒီဒေသမှာ စစ်တောင်းမြစ်ရေနဲ့ တောင်ကျချောင်းဖြစ်တဲ့ ခ၀ါချောင်း ရှိတဲ့အတွက် မိုးအရမ်းများရင် ချောင်းရေကြည့်ပြီး နေကြရတယ်။ ဘယ်အချိန် တောင်ရေကျလာမလဲပေါ့။ တောင်ရေကျလာရင် ခ၀ါချောင်း တံတားကိုဖြတ်ပြီး ရေလွတ်တဲ့ တစ်ဖက်ကမ်းမှာ သွားနေကြရတယ်။ လပြည့်နေ့ သြဂုတ် ၂၁ ရက်ကစပြီး ရေလွတ်ရာ ကုန်းမြင့်တဲ့ နေရာတွေမှာ သွားနေနေကြရပါတယ်။ မိုးဆက်တိုက် ရွာနေဦးမယ်ဆိုရင် သြဂုတ် ၂၅၊ ၂၆ ရက်လောက်အထိ ရေဘေးဆက်ရှောင် နေရဦးမယ်" ရေဘေးကင်းလွတ်ရာ ရှောင်နေကြသော ခ၀ါချောင်းရွာသား ဦးကြွယ်က ပြောကြားသည်။


"ရွာကို အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတဲ့လူတွေ ခဏခဏ လာကြတယ်။ ၀န်ကြီးချုပ်လည်း လာဖူးတယ်။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌလည်း လာဖူးတယ်။ နောက်သာသနာရေးကရော၊ စည်ပင်တွေရော၊ မြေစာရင်းတွေရော၊ ဆည်မြောင်းတွေရော လာဖူးကြတယ်။ သူတို့ကို ဒီရွာရဲ့ အခက်အခဲတွေ ကမ်းပြိုတဲ့ ကိစ္စတွေကို တင်ပြခဲ့ပေမယ့် အခုထိ ဘာမှအကောင်အထည် မဖော်ပေးနိုင်သေးဘူး။ ဘုန်းကြီးကျောင်းမြေက ရေတိုက်စားတာနဲ့ ကျောင်းဆောင်နှစ်ဆောင်ပဲ ကျန်တော့တယ်။ လူနေအိမ်တွေက တဖြည်းဖြည်း နောက်ဆုတ်ရင်းနဲ့ တခြားရွာမြေထဲ ရောက်တော့မယ်" ဟု အဆိုပါ ခ၀ါချောင်းရွာသား တစ်ဦးဖြစ်သူ ဦးမောင်ကွန်းက ဆိုသည်။

၎င်းကဆက်လက်ပြီး "ဒီခ၀ါချောင်းက နဂိုချောင်းရိုးလေး ရှိတယ်။ အဲဒီ ချောင်းရိုးလေးကို ပြန်ဖော်လိုက်ရင် ချောင်းရေက ရွာဘက်ကို မလာတော့ဘူးဆိုရင် မြေပြိုမှုတွေ နည်းသွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရွာလုံးကျွတ် ပြောင်းမှပဲ ရတော့မယ်" ဟု ဆိုသည်။

ယခုနှစ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ စစ်တောင်းမြစ်ရေ ကြီးခြင်းနှင့် တောင်ကျရေ ကျဆင်းခြင်းများကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိသော ခ၀ါချောင်း ကျေးရွာသည် ရွာလုံးကျွတ် ရေမြုပ်ခဲ့ပြီး လူဦးရေ  ၇၀၀  ခန့် ရေလွတ်ရာ နေရာများသို့ တိမ်းရှောင်နေခဲ့ ကြရသည်။

Credit>>>Eleven Media Group

0 comments:

Post a Comment

 
;